International News

အီးယူ၏ စီးပွားရေးပြန်လည်ထူထောင်ရန်အတွက် ယူရို ၅၀၀ ဘီလီယံ ထပ်မံလိုအပ်မည်

Last Updated:

 ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါအကျပ်အတည်းမှ စီးပွားရေးပြန်လည်ထူထောင်ရေး ဘဏ္ဍာရေး ထောက်ပံ့နိုင်ရန်အတွက် ဥရောပအနေဖြင့် နောက်ထပ် ယူရိုငွေ (၅၀၀) ဘီလီယံ ရှာဖွေရန် လိုအပ် မည်ဖြစ်ကြောင်း ယူရိုဇုန်ကယ်ဆယ်ရေးရန်ပုံငွေအဖွဲ့၏ အကြီးအကဲဖြစ်သူက ပြောကြားခဲ့ကြောင်း၊ အီးယူ၏ ဘဏ္ဍာရေးဝန်ကြီးများသည် အားပျော့လာသည့် စီးပွားရေးကို အထောက်အကူပေးနိုင်ရေး အီးယူဘတ်ဂျတ်နှင့် ပြန်လည်ထူထောင်ရေး ရန်ပုံငွေတို့ကို ချိတ်ဆက်အသုံးပြုမည့် ယူရို (၅၄၀) ဘီလီယံတန်ဖိုးရှိသည့် အစီအမံများကို ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်းက လက်မှတ်ရေးထိုးခဲ့ကြကြောင်း သိရှိရပါသည်။

ကိုရိုနာဗိုင်းရပ်စ်အကျပ်အတည်းမှ စီးပွားရေးပြန်လည်နိုးထနိုင်ရေးမှာ အချိန်ကာလ ကြာမြင့်ပြီး ကုန်ကျစရိတ်များပြားနိုင်ကြောင်းနှင့် ကုစားဆောင်ရွက်မှု နည်းလမ်းသစ်များ လိုအပ်မှုရှိနိုင်ကြောင်း ဥရောပတည်ငြိမ်ရေးယန္တရားလုပ်ငန်းစဉ် (European Stability Mechanism-ESM) ၏ညွှန်ကြားရေးမှူးချုပ် Klaus Regling က ပြောကြားခဲ့ခြင်းဖြစ်ကြောင်း၊ စီးပွားရေးပြန်လည် နိုးထ နိုင်ရေးဒုတိယအဆင့်အတွက် မိမိတို့အနေဖြင့် ဥရောပအဖွဲ့အစည်းများထံမှ နောက်ထပ်ယူရို (၅၀၀) ဘီလီယံ လိုအပ်မည်ဖြစ်ကြောင်း၊ အဆိုပါပမာဏထက်ပိုမို၍ လိုအပ်မှုလည်း ရှိနိုင်ကြောင်း၊ ယင်းအတွက် ဆောင်ရွက်မည့်လုပ်ငန်းစဉ်အသစ်များကို ဆွေးနွေးရန်လိုအပ်သည်ဟု  ၎င်းက ဆက်လက် ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

ပြီးခဲ့သည့် သီတင်းပတ်အတွင်းက သဘောတူညီခဲ့သည့် ဘဏ္ဍာရေးအစီအမံများတွင် ဥရောပ တည်ငြိမ်ရေးယန္တရားလုပ်ငန်းစဉ် (ESM) မှ ချေးငွေ ယူရို (၂၄၀) ဘီလီယံ၊ ဥရောပရင်းနှီးမြှုပ်နှံမှု ဘဏ် (European Investment Bank) အတွက် ရန်ပုံငွေ ယူရို (၂၀၀) ဘီလီယံနှင့်  ဥရောပကော်မရှင်၏ အလုပ်လက်မဲ့ ပြန်လည် အာမခံပေးသည့်အစီအမံအတွက် ယူရို (၁၀၀) ဘီလီယံ ပါဝင်ကြောင်း politico ၏ ၁၉-၄-၂၀၂၀ နေ့တွင် သတင်းဖော်ပြချက်အရ သိရှိရပါသည်။

 

(မြန်မာစီးရေးသံမှူး၊ ဘယ်လ်ဂျီယံနိုင်ငံ)

ရင်းမြစ် - (politico)

Category: International News